My Blog List

Saturday, December 1, 2012

သန့်ရှင်းရေးလည်း သူ့မာနသူရှိတာပဲ



တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးဆေးရုံကို လွန်ခဲ့တဲ့ 2006လောက်က သူငယ်ချင်းတစ်ယောက် ကလေးမီးဖွားတာ သတင်းသွားမေးရင်းနဲ့ လူနာ သူငယ်ချင်းအတွက် ဆောင်ရွက်စရာလေးတွေရှိလို့ သူငယ်ချင်းအမေက အဖော်ခေါ်တာနဲ့ ဆရာမများနားနေခန်းကို လိုက်သွားမိတယ်၊ အဲဒီမှာ
ဆရာဝန်မနှစ်ယောက် ကော်ဖီသောက်ရင်းနဲ့စကားပြောနေကြတာ ကြားခဲ့ရတယ်၊ သူတို့ အချင်းချင်း ပြောနေကြတာ ဆိုတော့ ဘေးလူ တွေကို သတိမထားဘဲ အားရပါးရပြောနေကြတာပါ
ဆရာဝန်မဖြူဖြူလေး။    မင်းကွာ ဒီအမျိုးသမီးကိုတော့ တော်တော်ချဉ်တယ် ကိုယ်ကအထူးကုတစ်ယောက်ပဲ သူ့ကိုသူဘာထင်နေတယ် မသိဘူး၊ ဟောက်လိုက်တာများကွာ ကိုယ်တော့ခနခနခံနေ၇တော့ ရိုးနေပြီ ၊ ခုလည်းကြည့်ကွာ သန့်ရှင်းရေးတစ်ယောက်ကို မတူမတန်သလို နဲ့ ဟောက်နေတာ ရစရာမရှိဘူး၊ ပညာသည်ချင်းဟောက်တာက သူ့ပညာကိုယ့်ပေးဖူးလို့ ငြိမ်ခံလို့ရတယ်ကွာ၊ ခုဟာက ၀ါဒ့်ထဲမှာ သန့်ရှင့်ရေးလုပ်နေတဲ့ ကလေး(5)ယောက်အမေကို လက်ချာတွေပေးနေတာ၊ အဆင့်အတန်းစကားတွေနဲ့ မိုက်မိုက်ရိုင်းရိုင်းပြောနေတာကွ
ဆရာဝန်မ ဆံပင်ကောက်ကောက်။ ဒါနဲ့ သန့်ရှင်းရေးမက ဘာပြန်ပြောသလဲ
ဆရာဝန်မဖြူဖြူလေး။  ဆရာကြီးရယ် မနက်မိုးလင်းကတည်းက အစောကြီး အလုပ်ဆင်းနေတာပါ၊ ကျွန်မ ကြမ်းလည်း တိုက်ပြီးပြီ အမှိုက်လည်းသိမ်းပြီးပြီ ခုလည်း လှေကားတွေ ကြမ်းတိုက်နေတုန်း မတော်တဆဖြစ်ရတာပါဆိုပြီးလေ ဒီလိုကွ ကြမ်းတိုက်ဖတ်နဲ့ အထူးကုကြီး ရဲ့ ဒေါက်ဖိနပ်သွားငြိတာကစတာ ဒါနဲ့ ဒေါက်ဖိနပ်ကို ပွတ်ဆွဲချွတ်ယူပြီး  မွှန်နေအောင်ဆဲဆိုသွားတယ် ဒီအချိန်မှ လှေကားလာတိုက်ရသလား ငါ့ဖိနပ်က နင်တို့  လခထက်ဈေးကြီးတယ်နဲ့လေ
ဆရာဝန်မ ဆံပင်ကောက်ကောက်လေး။ သေလိုက်ပါလားလို့ပြောလိုက်ရမှာ၊ သူ့လခကကော ဘယ်လောက်ရှိလို့လည်း၊ ဆေးရုံကြီးမှာ လူနာ တွေကို အတက်ပြခိုင်း၊ ပြီးရင် ခွဲလိုက်စိပ်လိုက် ၊ အစိုးရစရိတ်နဲ့၊ အိမ်မှာလာထား ခွဲစိပ်ခ၊ သူ့ဆေးရုံများ တရားဝင်ဖွင့်ထားတာကြ နေတာပဲ ၊ ခွဲစိပ်ခန်းသုံးပစ္စည်းတွေနဲ့ အပိုကြေးရနေတာ၊ ဒီဖိနပ်ပေတာနဲ့ မရှိဆင်းရဲတဲ့ သန့်ရှင်းရေးသမားကို ဖိနပ်နဲ့လစာ နှိုင်းပြောရသလား
ဆရာဝန်မဖြူဖြူလေး။ သန့်ရှင်းရေးမကလည်း မျက်ရည်တွေကျလို့ ဘေးက သူနာပြုတွေ၊ အလုပ်သင်ဆရာဝန်လေးတွေကလည်း မျက်နှာ မကောင်းဘူးပေါ့ဟာ ငါလည်း စိတ်မကောင်းလို့
ဆရာဝန်မ ဆံပင်ကောက်ကောက်လေး။ အဲဒါပြောတာဟာ လူတွေများ ကိုယ်ကဘယ်ဘ၀ကလာလို့လာမှန်းမသိဘူး လက်ရှိဘ၀မှာ ယစ်မူးနေတာ သန့်ရှင်းရေးလည်း လူပဲ ၊ ရာထူးချင်းမတူပေမယ့် သူ့အလုပ်သူကျေပွန်အောင်လုပ်နေတာပဲ၊ သူ့မှာလည်း သူ့မာနရှိမှာပေါ့ ဒါကို မာနရိုက်ချိုးစကားပြောတာ မတရာတာပဲ၊ သန့်ရှင်းရေးကို လူမထင်တာတော့ ငါမကြိုက်ဘူး ငါဆို လူတွေကို လူလိုပဲဆက်ဆံတယ်၊ လူနာတွေ ဆင်းရဲတာချမ်းသာတာ ငါ့အလုပ်မဟုတ်ဘူး ငါသင်ထားတဲ့ပညာနဲ့ လူနာတွေရဲ့ဝေဒနာကို ငါကုသပေးနိုင်ရင် ငါ ကျေနပ်တယ်၊ သန့်ရှင်းရေးဆိုပြီး ငါ ဘယ်တုန်းက ငေါက်တာတွေ့လည်း ပြောစရာစကားဆို ချိုချိုသာသာနဲ့ပဲပြောတာ၊ ပေးစရာရှိရင်လည်း ငါပေးတာပဲ၊ ကျွေးစရာရှိလည်းငါကျွေးတာပဲ၊ ဒါပေမယ့် ငါ လူဆိုတာကို တန်ဖိုးထားတယ် ၊ အဆောင်အယောင်တွေကို ငါမာနမထားဘူး၊ မာနဆိုတာ ဒေါက်တာတွေမှ ထားရတာမဟုတ်ဘူး၊ ငါလည်း အထူးကုပဲ အထူးကုမာနထားဖူးလား၊ သန့်ရှင်းရေးလည်း သူ့မာနသူရှိတာပဲ ငါတို့က လေးစားရမှာပဲ --ကဲဟာ တော်ပြီး ကော်ဖီသောက်တာ အရသာမရှိဘူး
----ကျွန်မ  အဲဒီနေ့က ရုံးပြန်ရောက်တော့ ဆံပင်ကောက်ကောက်လေးနဲ့ ခပ်စွာစွာ စကားပြောတတ်တဲ့ ဆရာမလေးရဲ့စကားတစ်ခွန်းကို အရမ်း သဘောကျခဲ့မိပါတယ်၊ သူ့စိတ်ထဲမှာ ရှိတဲ့စကားလေးဟာ လူတိုင်းလေးစားသင့်တဲ့စကားလေးဖြစ်နေလို့ပါ။
+++ငါ လူဆိုတာကို တန်ဖိုးထားတယ် ၊ အဆောင်အယောင်တွေကို ငါမာနမထားဘူး၊ မာနဆိုတာ ဒေါက်တာတွေမှ ထားရတာမဟုတ်ဘူး၊ ငါလည်း အထူးကုပဲ အထူးကုမာနထားဖူးလား၊ သန့်ရှင်းရေးလည်း သူ့မာနသူရှိတာပဲ ငါတို့က လေးစားရမှာပဲ++++(ယွန်းဆုဝဿန်)

No comments: