My Blog List

Thursday, December 13, 2012

၂၀၁၃နှစ်သစ်ကို ကြိုတဲ့ အလွမ်း

လေအေးလေးတွေရင်ထဲမှာနွေးဖူးသလိုပဲ
အေးစက်တဲ့နှင်းတွေကြားမှာ
တိုးဖွတဲ့ရယ်သံချိုလွင်လွင်ကြောင့်
ရှက်သွေးဖြာပူနွေးဖူးပါရဲ့
ဆောင်းဆိုတဲ့ အေးမြမှုကို လွမ်းလွန်လွန်းလို့ပါ။
နှင်းကြားမှာ မမြင်နိုင်တဲ့
နှလုံးသားကမေတ္တာတရားဟာ
အစဉ်ထာဝရ နွေးထွေးမှုတွေ
ဘ၀ကို လမ်းပြခေါ်နေသလိုလို။
ချယ်ရီတွေပွင့်ဖူးဝေဆာဖူးတဲ့
တောတောင်တန်းတချို့မှာ
စိန်ပန်းပြာတွေလည်းဝေခဲ့ဖူးပါရဲ့
ဘယ်ပန်းကိုမဆို ကြွေနမ်းမှာစိုးရိမ်ဖူးပါရဲ့
ပန်းကြွေလမ်းတွေလည်းလျှောက်ခဲ့ဖူးပါရဲ့
နှစ်ဦးတူ ကြည်နူးစရာစကားတွေလည်း
မျက်ဝန်းမှာအပြုံးနုနုတွေနဲ့
ရင်ခုန်ကြည်နူးစွာပြောခဲ့ဖူးပါရဲ့ကွယ်။
တစ်ခါတစ်ခေါက်တော့ ရင်ထဲမှာ ရောက်ချင်မိတာ
နှင်းမှုန်တွေကြားစိန်ပန်းပြာတွေဖွေးဖွေးလှုပ်တဲ့
ဟောဟိုက စိမ်းမြမြယူကလစ်တန်းကို
မြေနီနီကျော်ဖြတ်နင်းပြီး
ချယ်ရီပင်အောက်လမ်းလျှောက်ခဲ့ချင်တာ
ကြာကြာလှပေါ့အတွေးတွေ
ခုတော့လေ ဘယ်မလဲ ချယ်ရီရေ
ဝေပါဦးလား အရင်ကလို
မြင်မြင်သမျှနေကြာရိုင်းပွင့်ဖတ်ဝါ၀ါတွေ
မွှေးမပျံ့တော့တဲ့ ထင်းရူးနံ့တွေရေ
ချစ်သူနဲ့အတူ လျှောက်ဖူးခဲ့တဲ့
မီးတားလမ်းလေးရေ
မြို့ပတ်ကားတွေဘီးခြေရာအောက်မှာ
ကတ္တရာတွေအဆီပြန်လို့နေ
အော် လွမ်းရတာလည်း နှစ်နှစ်ဆယ်
ဘယ်လိုလို့ တမ်းတနေပါလိမ့်
တက္ကသိုလ်ဖုန်းနိုင်ရေးခဲ့တဲ့
စာလေးတွေသတိရတော့
အတူသွားခဲ့ဖူးတဲ့ ဆုတောင်းပြည့်ဘုရား
ကို ခုတော့ခုတော့ ဝေးဝေးကသာ
လှမ်းမျှော်သက်ပြင်းချ
ကြာခဲ့ပါပြီကော။
နှင်းတွေထဲတော့ လမ်းလျှောက်မယ်စိတ်ကူးရင်း
တက္ကသိုလ်နားတစ်ဝှိုက်က အဓိပတိလမ်းကိုလည်း
မျှော်လွမ်းမိပါရဲ့
ခုတော့ သူစိမ်းဆန်အကြည့်ရိုင်းတွေနဲ့
ရင်ငွေ့မှာ ခိုလုံဖူးတာတောင်
မသိချင်ယောင်ဆောင်အနှိုးခက်လို့
တစ်ခါတစ်ခေါက်တောင် ရောက်မလာခဲ့မိဘူး
လွမ်းလိုက်တာ အမိတက္ကသိုလ်ရယ်
စိမ်းရက်တယ်နော်။
ဘာတွေရေးနေမိပါလိမ့်
သူငယ်ချင်းတွေဆီပြန်တမ်းတမိတော့
တက္ကသိုလ်ထဲမှာ ဆရာပြန်လုပ်နေတဲ့
အပျိုကြီးမမတွေလည်း သတိရတယ်
သူတို့ကတော့ ဒီနယ်မြေမှာ
အမြဲသစ်ဆန်းတဲ့ ခြေလှမ်းတွေနဲ့လျှောက်လို့
တက္ကသိုလ်ပျော်တွေပေါ့နော်။
အင်းနော်
လွမ်းရတာတွေ ခေါင်းစဉ်များပြီး
ဒီနေ့လည်း ဟိုတွေးဒီတွေးနဲ့
လာပြန်ပြီ နှစ်သစ်တခါကူးဦးမယ်
၂၀၁၃ဆိုတာ ပေါင်းလိုက်ရင် ခြောက်ပဲရတာမို့
ပျင်းခြောက်စရာနှစ်သစ်ကို
ဘယ်လို ပျော်ရွှင်မှုနဲ့ ကြိုဆိုရမလဲ
ပြောရရင် လွမ်းတာတွေတောင်ပျောက်တယ်
ပျင်းခြောက်ခြောက် ကဗျာ။(ယွန်းဆုဝဿန်-၁၄-၁၂-၁၂)

No comments: