My Blog List

Wednesday, November 14, 2012

ဓါးသွားထက်က ပျားရည်စက်တစ်ချို့

အပေါ်ယံသကာဖုံးနေတဲ့ အသည်းနှလုံးက ဘယ်လောက်ခါးသီး တယ် ဆိုတာ---ဆေးသောက်ဖူးသူတိုင်းသိကြပါတယ်၊ အထဲမှာ ခါးလွန်းလို့ အပြင်ကိုအချိုဓါတ်ဖုံးထားတဲ့အချစ်ဆိုတဲ့အရာတွေကိုထွင်းဖောက်မြင် ကြည့်တတ်ဖို့ အသိလိုတယ်ဆိုတာလေ။

"လူတစ်ယောက်ကို သည်းခံပြီးချစ်ခဲ့ဖူးသလား"
လွင်လွင်စိုးရဲ့အမေးကြောင့် ကျွန်မမျက်နှာက အဝေးဆီ လှမ်းငေးနေရာက သူ့ဘက်ကို တစ်ချက်စောင်းကြည့်ရင်း ဟက်ဟက်ပက်ပက်ရယ်မိလိုက်တယ်၊ လွင်လွင်စိုးဆိုတာက ကျွန်မနဲ့ဆယ်တန်းအတူတူအောင်ပြီး တောင်ကြီးတက္ကသိုလ်မှာ သချာင်္မေဂျာ နဲ့ကျောင်းအတူတူတက်သူ ၊ အဆောင်နေတော့လည်း တစ်ဆောင်တည်းနေသူ၊ ပင်လုံဆောင်(၅)၊ အခန်း(၂)မှာ အတူတူ နေကြသူတွေ၊ ကုတင်ချင်းက ဘေးကပ်လျှက်၊ အတန်းလစ်ချင်လျင် အတူတူ တိုင်ပင်လစ်တတ်သလို၊ ရုပ်ရှင်ကြည့်ချင် လျှင်လည်း အတူတူ အတန်းလစ်ပြီး မေသျှမ်းမှာ ကြေးအိုးစားတော့လည်းအတူတူ၊ ဈေးဝယ်ထွက်လည်း အတူတူ၊ အတူတူတွေကများတော့ သူငယ်ချင်းနှစ်ယောက်က တက္ကသိုလ်တက်မှ ခင်တယ်ဆိုပေမယ့် သူနဲ့ကျွန်မ က စတိတ်ကျောင်းကတည်းကခင်ခဲ့သူတွေထက်ပိုခင်သည်၊ သူက မြောက်ပိုင်း သီပေါမြို့ ကလာတက်သူ၊ ကျွန်မက တောင်ပိုင်း ပင်လုံကလာတက်သူ၊ ရှမ်းမလေးတွေတော့မဟုတ်ပါ မိဘတွေ က၀န်ထမ်းဆိုတော့ ဟိုပြောင်းဒီပြောင်းနဲ့ လက်ရှိနေတဲ့မြို့တွေမှာရောက်ပြီး ဆယ်တန်းအောင်တော့ တောင်ကြီးတက္ကသိုလ်မှာ လာတက်ရင်း ဆုံဆည်းကြတာ၊ အစကတော့မခင်ပါ ဘူး ပင်လုံဆောင်မှာ နေရမှ ကုတင်ချင်းကပ်လျှက်ဆိုတော့ မိတ်ဆက်ကြရင်းခင်သွားကြတာ၊ ခင်တာမှ သူတလှည့်ကိုယ်တလှည့် သူ့အ၀တ်မီးပူတိုက် ကိုယ့်အ၀တ်လျော် ဒီလိုထိခင်ကြတာ၊ သူ့မိဘပို့တဲ့ ဟင်းဗူး ကို နှစ်ယောက်အတူစားသလို ကျွန်မ ပင်လုံပြန်ရင် သူက အိမ်ကိုလိုက်လည်ပြီး မိဘတွေက နှစ်ယောက် စာဟင်းဗူးတွေလုပ်ပေးတတ်တာ၊ ဒီအထိ ရင်းနှီးကြတာပါ၊ ခင်ကြပြီဆိုတော့ နှစ်မိသားစုအကြောင်း အားရင်ပြောဖြစ်ကြတယ်၊ မောင်နှမတွေအကြောင်း၊ သူ့အကြောင်းကိုယ့်အကြောင်းတွေ၊ ကျွန်မက စာရေး ၀ါသနာပါပေမယ့် သူက သီချင်းနားထောင်တာရယ်၊ တွေးငေးနေတာရယ်သာ ၀ါသနာပါတယ်၊ တခါတခါ စာဖတ်ပေမယ့် သိပ်ဝါသနာပါသူတော့မဟုတ်ဘူး၊ စာလည်းကြိုးစားတယ်၊ ကျွန်မက စာကျက်ပျင်းတဲ့အချိန် မှာ သူက ကျွန်မဘေးမှာ လာလာကျက်ပေးတော့ ဥာဏ်ကောင်းတဲ့ကျွန်မ က ကျက်စရာမလိုဘဲ သူ့ထက် တောင် စာရမြန်သေးတယ်၊
''မေးနေတယ်လေ  မဖြေဘူးလား"
လွင်လွင်စိုးစကားကြောင့် ကျွန်မကပြုံးလိုက်မိတယ်၊ ''ငါဘယ်သိမလဲဟာ ....နင့်လူကဘယ်လိုလူလဲဟ နင်ပြောပြပေါ့ မိစိုးရာ..."
လွင်လွင်စိုးက လက်ဖက်ရည်အပေါ်ရည်ကြည်တင်းတင်းလေးကိုငေးနေရင်းသက်ပြင်းချလိုက်ပြန်တယ်။
''ဒီနေ့ ကျောင်းထဲကို သူလာလိမ့်မယ်...သူနဲ့ငါ အပြင်လျှောက်လည်မှာ နင်လိုက်ခဲ့လေ ဇင်ဇင်''
လွိုင်ဆွမ်ခမ်းမှာ လက်ဖက်ရည်ထိုင်သောက်ရင်း စကားထိုင်ပြောနေရင်း သူ့လူလာမည်ဟုဆိုတော့ ကျွန်မ က ပုခုံးတွန့်ရင်း ''ခုမှပြောရလားဟ....လိုက်မှာပေါ့ အခုလာမှာလား''
''အင်း ဆယ်မိနစ်လောက်ဆို သူစိန်ပန်းပြာပင်အောက်က ခုံမှာ ထိုင်စောင့်နေလိမ့်မယ်  ပြောရင်းဆိုရင်း ဟိုမှာ လိုင်းကားပေါ်ကဆင်းလာပြီ....ထ  ထ  ငါတို့သွားရအောင်''
နှစ်ယောက်သား ကဲန်တင်းကထွက်ပြီး ကျောင်းပေါက်ဝက ၀င်လာသူကို တစ်ခါတည်းနှုတ်ဆက်ကာ အပြင် ထွက်လည်ဖို့ပြင်တော့ လိုင်းကားလည်း အဆိုက် ကျွန်မတို့်လည်း ကားပေါ်တက်ကြတယ်။
××××××××××××××××××××××××××××××××××××××××××××××
ညနေ အဆောင်ပြန်လာတော့ ကျွန်မကော လွင်လွင်စိုးပါ ခေါင်းမူးနေပြီ၊ မူးမှာပေါ့ တောင်ကြီးမြို့ထဲကို လမ်းလျှောက်ပြီး ပတ်ကြတာလေ ဒီလမ်းကလျှောက်လိုက်၊ ဟိုလမ်းကထွက်လိုက် ၊ ဟိုဆိုင်ဝင်စားလိုက်၊ ဒီဆိုင်ဝင် လက်ဖက်ရည်သောက်လိုက်နဲ့၊ မြကန်သာထဲ လမ်းပတ်လျှောက်လိုက်နဲ့လေ၊ မောလိုက်တာကို မပြောချင်ဘူး၊ မနက်က စကားက ခုမှ အဖြေရှာရမှာ၊ လွင်လွင်စိုးက ပြောထားပြီးသား ဒီနေ့တစ်နေ့လုံး ကျွန်မက သူတို့ ချစ်သူနှစ်ယောက်နဲ့ လိုက်လည်ပြီး သူ့ချစ်သူကို လေ့လာခိုင်းထားတာလေ၊ အဆောင် ရောက်တော့ ရေချိုးဖို့တောင်ရေမရှိတော့လို့ ခြေလက်ဆေး ၊ ထမင်းစားဆောင်ဝင်ပြီး၊ အဆောင်ပြန်ရောက်တော့ နေ့လည်က ၀ယ်လာတဲ့ လက်ဖက်သုပ်စားရင်း ကော်ဖီသောက်ရင်း လွင်လွင်စိုး က ကျွန်မ ကုတင်ပေါ် လာလှဲကာ စမေးတော့တာပေါ့။
''အင်း၊ နင့်မေးခွန်းက ဘာတဲ့ လူတစ်ယောက်ကို သည်းခံပြီးချစ်ဖူးလား'' နော်....အင်း နင်က ကိုမိုးကို အရမ်း ချစ်တယ်လို့ငါထင်တယ်လေ၊ ကိုမိုးကလည်း နင့်ကို ချစ်သားပဲဟ၊ ဒီနေ့ တစ်နေ့လုံး နင်က ကြေးအိုး စားမယ်ဆိုရင် သူလည်း လိုက်စားတာပဲ၊ နင်က အိမ်ဖြူတော်မှာ လက်ဖက်ရည်သောက် တော့လည်းလိုက်သောက်တာပဲ၊ နင်ဈေးဝယ်တော့လည်း နင်ဝယ်သမျှလိုက်ဆွဲပေး တာပဲလေ၊ နင်ပြောရင် ဘာပြောပြော ရယ်မောနေတာပဲ၊ အဲဒါနဲ့ နင်က ဘာတွေသည်းခံနေရလို့လည်း မိစိုး ရာ သူလည်း လူကောင်းတစ်ယောက်ပါ၊ ရုပ်လည်းချောတယ် ၊ ရာထူးလည်းရှိတယ်၊ ပြီးတော့ စကားလည်း ညင်ညင်သာသာပြောတယ်လေ၊ ငါတောင် သဘောကျတယ် ၊ ငါတောင် ကိုမိုးလို လူမျိုးကို သဘောကျ ချင်ချင်ရယ်"
လွင်လွင်စိုးက ကျွန်မကို တံတောင်နှင့်တွတ်ကာ မျက်စောင်းပါအဆစ်ပေးလိုက်သည်၊ သူ့လူကို သဘော ကျတယ်လို့ ပြောလို့ထင်ပါတယ်။
''ငါက အမြဲတမ်း သူများနောက်ကလိုက်ချင်တာလေ ဇင်ဇင်ရယ်၊ ငါချစ်တဲ့သူနောက်က ငါက အလိုက်သင့် လိုက်ချင်တာ၊ သူက ငါ့ဦးဆောင်မှုကို ပဲ အေးဆေးလိုက်နေသလိုခံစားရတယ်၊ ငါက ဒါစားဆိုသူက မငြင်း ဘူး ၊ ဒါသောက်ရအောင်ဆို နောက်က လိုက်သောက်တယ်၊ တစ်ခါတစ်ခါ သူဘက်ကစပြီး ထမင်းဘဲစား မယ်၊ ကြေးအိုးမကြိုက်ဘူးလို့ တစ်ခါမှမပြောဘူး၊ အမှန်က သူကြေးအိုးလည်း မကြိုက်ဘူး၊ လက်ဖက်ရည် လည်းမကြိုက်ဘူးလေ''
ကျွန်မ သတိမထားမိတာက ကိုမိုးဆိုသူက သူမကြိုက်တဲ့ အရာတွေမှန်းတောင်မသိလိုက်တာ၊ ဘာလို့ဆို တော့ ကျွန်မတို့ ၀င်စားသမျှ သူလည်းလိုက်စား၊ လိုက်သောက်တာပဲလေ။
''ပြီးတော့ ဟာ ငါက လမ်းမှာ ကောင်လေးချောချောလေးတွေကို ချောတယ်လို့ပြောတော့ နင်ကြားတဲ့ အတိုင်းပဲလေ၊ ဘာပြန်ပြောသလဲ သူပြောတာက ဟုတ်တယ်နော် ခုခေတ်ကောင်လေးတွေက မိန်းခလေး တွေလိုပဲ နုဖတ်ပြီး ချောကြတယ်တဲ့၊ အမှန်က ခေတ်ကအတူတူပဲလေ၊ သူက ရာထူးနဲ့လူဆို တော့ သူ့ကိုယ်သူ လူကြီးလိုဖြစ်နေတာလေ၊ အမှန်ကတော့ ငါက ချောတယ်ပြောရင် သူက စိတ်ဆိုးပြီး ကောင်လေးတွေကို မကြည့်ဖို့ ပြောရမှာလေဟာ သ၀န်တိုစိတ်နည်းနည်းမှ မရှိဘူး၊ သူ့သူငယ် ချင်းတွေက မင်းကောင်မလေး လွင်လွင်စိုးကို ငါတို့က ကြိုက်နေတာလို့ပြောတာကိုတောင် သူကလေ
ဟုတ်လား ငါကမသိလို့လို့ ပြန်ပြောခဲ့တာ၊ ငါ့ရှေ့မှာပဲ ၊ အဲဒီလောက်ထိ ဘာမှ သ၀န်မကြောင်တတ်ဘူး၊ ငါက စိတ်ဆိုးမယ်လုပ်လည်း သူက မသိဘူး၊ ချော့ဖို့မပြောနဲ့ စိတ်ကောက်နေတဲ့ရုပ်ကို ဗိုက်နာနေလို့လား၊ ဆေးဝယ်ပေးရမလားတဲ့လေ....''
ကျွန်မက အားရပါးရရယ်လိုက်တော့ အခန်းထဲမှာ အဆောင်သူတွေက စာကျက်ရင်း အဟမ်းအဟမ်းနှင့် လုပ်သည်။
''မိစိုးရယ်  သူက လူကောင်းပါဟယ်  သူက အဲ့လိုလုပ်ရမှန်းမသိလို့နေမှာပါ''
''ငါက ချစ်သူချင်းဆိုတော့ စိတ်ကောက်လိုက် ချော့လိုက် ၊ သူမကြိုက်တာ ငါ့ကိုမလုပ်ဖို့တား၊ ငါမကြိုက်တာ သူမလုပ်ဘူးဆိုတာမျိုးဖြစ်စေချင်တာ၊ ဂရုစိုက်ခံချင်တာ"
"နင်က ချစ်သူကို ချစ်နေရရင်ပြီးတာပဲမဟုတ်လားဟယ်၊ သူကလည်း မြတ်နိုးချစ်လို့ ပဲ နင်ရှိတဲ့နေရာကို ရတဲ့အချိန်ကလေး အရောက်လာတာမဟုတ်လား''
လွင်လွင်စိုး သက်ပြင်းကိုသာချသည်။ ကျွန်မတွေးမိတာကတော့ လွင်လွင်စိုးက အချစ်ကို ကိုးကွယ်ချင်သူ၊ ချစ်သူကို သွက်လက်ချက်ချာစေချင်သူ၊ အလိုလိုက်မှုကို ခံယူချင်သူ။ ကိုမိုးကတော့ သူ့ချစ်သူကို ဂရုစိုက် ကြောင်း အမူအယာနှင့်မပြတတ်သူ၊ ချစ်သူရှိတဲ့နေရာလာသည်၊ ချစ်သူနှင့်အတူလည်သည်၊ ချစ်သူကြိုက်ပြီး မိမိ မကြိုက်သော အစားအသောက်ကို ချစ်သူစိတ်ကြိုက်လိုက်စားပေးသည်၊ ချစ်သူ ကို လက်ကလေးပင်မကိုင်၊ လွင်လွင်စိုးနှင့်ကျွန်မ ပြောသည့် စကားတွေကို နားထောင်ကာ ပြုံးလိုက်၊ ရယ်လိုက်နှင့်သာ၊ ဒါပဲ။
''နင့်ချစ်သူ ဦး ဆို ကျောင်းထဲလာရင် နင့်အတွက် ကျိုင်းတုံက၀ယ်လာတဲ့ လက်ဆောင်တွေပါလာတယ်၊ ပြီးရင် သူ ကြိုက်တဲ့ ရွှေတြိဂံမှာပဲထမင်းစားမယ်၊ သူကြိုက်တဲ့ စမ်းသီတာမှာပဲ အအေးသောက်မယ် တစ်ခါတည်း အစီအစဉ်ဆွဲထားပြီးသား၊ ပြီးရင် နင့်ကို တတွတ်တွတ်နဲ့စကားပြောမယ်၊ ငါဘေးမှာ ရှိတာတောင် အားမနာဘူး၊ သူပြောတဲ့စကားတွေမှာ နင့်ကို ဘယ်လောက်သတိရကြောင်း၊ လွမ်းကြောင်း၊ ကဗျာလေးတွေစာလေးတွေ ကို ဘယ်လိုရေစပ်ထားကြောင်း၊ ဟိုမှာ ဘယ်လောက်လွမ်းရကြောင်းတွေနဲ့ ဘယ်လိုတွေ့ချင်ကြောင်းတွေ ပြောတယ် ငါတောင် သူ့ကို ကိုမိုးနဲ့နှိုင်းပြီး အားငယ်ရတယ်ဟာ''
လွင်လွင်စိုးက ကိုမိုးကို သည်းခံပြီးချစ်နေရတာကို ကျွန်မနားလည်သွားပါပြီ၊ သူက ကျွန်မ ချစ်သူ ဦးကို အားကျနေတာကိုး၊ ဦး ဆိုတဲ့လူက လူတစ်မျိုး၊ သူပြောချင်တာပြော၊ သူလုပ်ချင်တာလုပ်သူ၊ ကျွန်မက ဆိုးချင် သလောက်ဆိုး၊ သူကလည်း ပတ်ချွဲနပ်ချွဲနှင့် ချော့တတ်ချစ်တတ်သူ။အလိုလိုက်အကြိုက်ဆောင် တတ်သူ၊ မျက်နှာအညှိုးမခံဘဲ ကျွန်မ ကို တစိမ့်စိမ့် ဂရုစိုက်တတ်သူ။
'' အော် မိစိုးရယ် နင်က ဦးကို အထင်ကြီးနေလေရော့တာလား''
''အင်း သူက နင့်ကို သိပ်ချစ် သိပ်အလိုလိုက် သိပ်အလေးထားတာကိုး ငါက ကိုမိုးကိုလည်း သူ့လို သွက် လက်ပြီး အရာရာမှာ ငါ့ကို ဦးဆောင်လမ်းပြစေချင်တာလေ.....နင့်ဦးကတော့ တကယ့်ကို အားကျချင်စရာ
ပါ......ဦးကစကားလည်း ဖောင်ဖွဲ့အောင်ပြောတယ်၊ နင့်ကို အရုပ်ကလေးလို ဂရုစိုက်တယ်လေ....အချစ် ဆိုတာ အဲ့လို မှ မဟုတ်လား''
ကျွန်မ ဒီတစ်ခါတော့ စိတ်ထဲမပါဘဲ အော်ရယ်လိုက်တယ်၊ အခန်းဖော်တွေကိုလည်း အားမနာတော့ပါဘူး။
လွင်လွင်စိုးကို အသာအယာဖက်ပြီး နှစ်ဦးသားကြားလောက်တဲ့စကားသံလေးနဲ့တီးတိုးပြောမိလိုက်တယ်။
''ခုတလော  ....ဦးဆီက စာမလာတာကြာပြီ လေ ၊ နင်သတိထားမိလား၊ ဦးရောက်မလာတာ လည်း နှစ်လ ကျော်ပြီလေ၊ သူမအားလို့ ဆိုလည်း ထားလိုက်ပါ၊ ခုဟာက အဲဒီလိုမဟုတ်ဘူးလေ၊ မိစိုး နင်က ဦးကို အရမ်း သဘောကျနေတာမဟုတ်လား၊ တကယ်တော့ ငါက ခုတလော ရင်ထဲမှာ နာကြင် ခံစား နေရတာကို မြိုသိပ်ထားပြီး တစ်ယောက်တည်း ကြိတ်ဆွေးနေတာ နင်တောင်မသိဘူးမဟုတ်လား၊ နင် မရိပ်မိတာပါ၊ ဒီနေ့ နင်နဲ့ ကိုမိုးကို မြင်တော့ ငါအရမ်း ခံစားရတယ်သိလား၊ နင့်ကိုလည်း ငါက အားကျ နေတာပါ၊ ယောကျာ်းပီသပြီး  ခုလို သဘောကောင်း၊ အပြောချို ရုပ်ချောတဲ့ သူနဲ့ချစ်ခွင့်ရတာ ဂုဏ်ယူစမ်း ပါဟာ ၊ သူ ဘေးမှာ ကောင်မလေးတွေဝိုင်းဝိုင်းလည်နေမှာဆိုတာ နင်လည်း သိမှာပါ၊ ကိုမိုး ရဲ့အတွင်းစိတ်က ဖြူစင်လွန်းပါတယ် နင့်ကို စိတ်ရင်းနဲ့ချစ်တာပါ၊ သူက ယောကျာ်းဆန်တာပါ၊ မူယာ မာယာများပြီး ပေါ့ပေါ့ပါးပါး ပါးစပ်ထဲရှိတာပြောပြီး လှည့်စားတတ်သူမဟုတ်ဘူး၊ နင် သူ့ကို ယုံကြည်လိုက် ပါဟာ''
လွင်လွင်စိုး က သက်ပြင်းမောလေးချရင်း ''ငါကတော့ သူ့ကို တစ်ခါတစ်ခါ ငါ့ကို မှ ချစ်ရဲ့လားလို့ သံသယ ၀င်တယ်''ဟု ထပ်ပြောလိုက်ပြန်သည်၊ ကျွန်မက သေတ္တာကို လှန်ကာ အတွင်းက စာအိတ်လေးတစ်အိတ် ကို ထုတ်လိုက်သည်၊ ကျိုင်းတုံမြို့မှ သူငယ်ချင်း ဆရာမလေးတစ်ယောက်ရဲ့စာကို သူ့ကို ပေးဖတ်လိုက် မိသည်၊ လွင်လွင်စိုးက ၀မ်းလျားမှောက်ရင်း စာကို ဖတ်လိုက်သည်။ ပြီးတော့ ကျွန်မ မျက်နှာကို အလန့် တကြားကြည့်ကာ အံ့သြ၀မ်းနည်းမှုတွေနှင့် မျက်လုံးတွေမှာမေးခွန်းတွေ----
''အဲဒါပဲ မိစိုး ၊ တို့ ကျောင်းပိတ်တဲ့အချိန်မှာလေ  သူက သူက တို့ကို ချန်ထားခဲ့လိုက်ပြီ၊ ကြာပြီ နှစ်လဆို တာ ရက်(၆၀)လေ၊ သူငါ့ကို ထားပြီး သူများရင်ခွင်ထဲကို ၀င်သွားတာ ရက်(၆၀)ရှိပြီလေ''
လွင်လွင်စိုး တစ်ယောက် အတူနေ ချစ်သူငယ်ချင်းတစ်ယောက်၏ ရင်တွင်းခံစားချက်များကို လုံးဝသတိ မထားမိချေ၊ ကျွန်မကပဲ ဟန်ဆောင်ကောင်းခဲ့သည်လား၊ သူကပဲ ကျွန်မ မျက်နှာကို မဖတ်တတ်လို့လား မသိ ၊ စာအိတ်ဖြူလေးအတွင်း မှ သူငယ်ချင်း ကျောင်းဆရာမလေးရေးလိုက်သည့်စာထဲက တစ်ပိုဒ်လေး က ကျွန်မ မျက်စိထဲမှာ အလွတ်ရနေသည့် စာပိုဒ်လေး ၊ ကျွန်မ တိုးတိုးလေး ရေရွတ်မိလိုက်ပါတယ်........
''ဟေ့ကောင် ဇင်ဇင် မင်းလူကြီးကို သူတို့ ဌာနေကို သွားတွေ့တော့ တောထဲက သူနာပြုဆရာမလေး တစ်ယောက်နဲ့ ယူသွားပြီတဲ့ကွ  ဒါနဲ့ မင်းပေးလိုက်တဲ့ မင်းရဲ့ချော့စာကို ငါမီးရှို့လိုက်ပြီလေ၊ မင်းကြေကွဲ မနေနဲ့ မင်းလူကြီးက ကျိုင်းတုံမှာ တော်တော်ရှုပ်တယ်ကွ၊ ကောင်မလေးတွေနဲ့၊ ငါက သတင်းတော့ ကြားတယ် မင်းခံစားရမှာစိုးလို့မပြောတာ၊ မင်းလူက လေ မင်းဆီရောက်ရင် မင်းကိုချွဲ၊ ကျိုင်းတုံရောက် ရင် ကောင်မလေးတွေနဲ့တွဲနေတာ၊ ငါနဲ့တစ်ခါဆုံတုန်းက အိုးမလုံအုံပွင့်ပြီး သူ့အထက်ကလူကြီး ရဲ့သမီး တွေကို မြို့ထဲလိုက်ပို့တာလို့ ရွှီးသွားတယ်သိလား၊ အဲဒီကတည်းက နင့်ကိုငါပြောခဲ့ဖူးတာပဲ၊ နင်က သု့ကို သိပ်ယုံကြည်တာကိုး၊ ဒါနဲ့ငါလည်း မသိချင်ယောင်ဆောင်ထားတာ၊ ခုတော့ တောထဲက သူနာပြု နဲ့ အနေနီးလို့လား ဘာလားမသိဘူး ယူလိုက်ပြီတဲ့၊ ငါမယုံတာနဲ့ အဲဒီထဲက လူတွေကို အကုန်စုံစမ်းတော့ ဟုတ်နေတယ်လေ၊ နင် မေ့လိုက်နော်၊ ဒီလူကြီးကို ငါလည်း သိပ်ကြည့်ရတာမဟုတ်ဘူး၊ဒီလို သစ္စာမရှိတဲ့ သူ ကြောင့် ငါ့သူငယ်ချင်းလေး ခံစားမနေနဲ့ ၊ ၀မ်းဂိုး တူးကမ်း သရီးရယ်ဒီဆိုပြီး မေ့ပြစ်လိုက်''
လွင်လွင်စိုးက ကျွန်မကို ဖက်ထားရင်းမျက်ရည်ကျသည်၊ သူကစိတ်နုသည်ကိုး၊ ကျွန်မက မချိပြုံးလေးနှင့် လွင်လွင်စိုးကို မျက်ရည်သုတ်ပေးရင်း၊
''မလွမ်းလောက်ပါဘူးဟာ ငါတောင် ၀မ်းမနည်းဘူး၊ ဒီလိုလူနဲ့ ဘုရားမ လို့ လွဲခဲ့တာကို ကျေးဇူးတင်တယ်၊ နင်စိတ်မကောင်းမှာ စိုးလို့ နှစ်လလုံးလုံး ငါမြိုသိပ်ထားတာပါ၊ နင်လည်း စိတ်မကောင်းမဖြစ်နဲ့၊ ငါ့ရင်ထဲမှာ ဘာမှမဖြစ်ဘူး ၊ နင်သိထားရမှာက အပေါ်ယံ အကြင်နာတွေ၊ ချစ်စကား တွေကို လျှာအရိုးမရှိတိုင်းပြောတဲ့ ဦးလို လူမျိုးတွေကို သာ ရှောင်ပါလို့လေ''
ကျွန်မရဲ့စကားသံတွေ ပုံမှန်အတိုင်း ဖြစ်လို့နေပေမယ့်၊ နေ့တိုင်း ညတိုင်း အတွေးထဲမှာ မျက်ရည်တွေကျပြီး ၀မ်းနည်းကြေကွဲခဲ့ရတာတွေကို ဘယ်သူ့ကိုမှပြောမပြချင်ဘူး၊ ချစ်သူရဲ့သစ္စာဖောက်ခြင်းကို ခံရတဲ့ သူလောက် လောကမှာ ၀မ်းနည်းကြေကွဲရတာ အရက်စက်ဆုံးပဲ၊ အခံစားရဆုံးပဲ၊ ဒါပေမယ့် သင်္ခန်းစာတော့ ကောင်းကောင်းရသွားတာပေါ့၊ အပေါ်ယံသကာဖုံးနေတဲ့ အသည်းနှလုံးက ဘယ်လောက် ခါးသီးတယ်ဆိုတာ---ဆေးသောက်ဖူးသူတိုင်းသိကြပါတယ်၊ အထဲမှာ ခါးလွန်းလို့ အပြင်ကို အချိုဓါတ်ဖုံးထားတဲ့ အချစ်ဆိုတဲ့အရာတွေကို ထွင်းဖောက်မြင်ကြည့်တတ်ဖို့ အသိလိုတယ်ဆိုတာလေ။
ယွန်းဆုဝဿန်(တောင်ကြီး)14-11-2012(10း56)နာရီ

No comments: