My Blog List

Monday, November 19, 2012

တန်ဆောင်တိုင်အမှတ်တရ

ခင်ခင် တစ်ယောက် တောင်ကြီးတန်ဆောင်တိုင်ရောက် တိုင်း မေ့မရတဲ့အဖြစ်တွေကို သတိရမိပါတယ်၊ (အပိုင်းတစ်)
ခင်ခင်တို့ တောင်ကြီးတိုင်ဆောင်တိုင်ကို သွားဖို့ဆိုရင် နေတဲ့ ရေအေးကွင်းရပ်ကွက်ကနေ တောင်ကြီး တန်ဆောင်တိုင်ပွဲကျင်းပတဲ့ စူဠာမုနိ ဘုရားတောင်ခြေရင်းအရောက် ဆိုင်ကယ်နဲ့ကလည်း မသွားရဲ၊ လမ်းက ကားနဲ့ဆိုင်ကယ်ရှုပ်တဲ့အပြင် ကျားခေါင်းရုံးရှေ့ကစပြီး ဆိုင်ကယ်တွေပေးမ၀င်ဘူးလေ၊ ဆိုင်ကယ်တွေ ကို အပ်တဲ့နေရာမှာ အပ်ပြီးရင်၊ လမ်းလျှောက်ရတာပဲ၊ လူတိုးရတာပဲ၊ မတော်တဆ ဆိုင်ကယ်ပျောက်သွားရင်ဒုက္ခ ဆိုတော့ ဆိုင်ကယ်နဲ့လည်းမသွားတော့ဘူး၊ ရေအေးကွင်းရပ် ကွက် အောက်ဘက်အမှတ်(၅)ကျောင်း ဘတ်စ်ကားဂိတ်ကနေ ဘုရားပွဲလိုက်မလားအော်တဲ့ လိုင်းကား ကိုပဲ အားကိုးပြီး အိမ်နီးချင်း အန်တီလေးတို့မိသားစု၊ ပပတို့မိသားစုတွေနဲ့ တန်ဆောင်တိုင်ပွဲလည်ခဲ့ကြ တယ် ၊ အဲဒီအချိန်က (ခုနှစ်ကိုမမှတ်မိဘူး) မီးပုံးပျံကွင်းက၊ အဝေယာကုန်းသာယာကို မပြောင်းသေးဘူး၊  လိုင်းကားကလည်း ကျားခေါင်းရုံးရှေ့မှာရပ်တာဆိုတော့ အဲဒီကနေ လူတိုးရတာပေါ့၊ လမ်းတောင်ကောင်း ကောင်းမလျှောက်လိုက်ရဘူး၊ လူစီးကြောင်းထဲမှာ တိုးဝင်သွားရင် အုပ်စုကွဲမှာကို ပဲ အလေးထားပြီး ပွဲတိုးကြတာပေါ့၊ တန်ဆောင်တိုင်လက အရမ်းအေးတယ်၊ လက်အိတ်ခြေအိတ်တွေ နဲ့ ခေါင်းကလည်း ဦးထုပ်တွေနဲ့ပေါ့၊ စောင်တွေပတ်တဲ့သူတွေလည်း များတယ်၊ ခင်ခင်တို့ ပွဲခင်းကို လည်တော့ လူကကြပ်တယ်၊ စားချင် စရာတွေကိုလည်း ဗိုက်ပြည့်နေတော့ မစားဖြစ်ကြပါဘူး၊ ပွဲဈေး ဆိုတော့ သိတဲ့အတိုင်းပဲ ဆိုင်ခန်းခတွေ ဈေးကြီးတော့ သူတို့ရောင်းတာတွေကလည်း ဈေးကြီးတာပဲ၊ ပွဲခင်း ထဲမှာက လူတိုးနေတာနဲ့ စားစရာလည်း မစားချင်ဘူး၊ ကွင်းကလည်းကျဉ်းတော့ ကွင်းအလယ်ကို မသွားရဲပါဘူး၊ ကွင်းထဲမှာက အနီးကပ်ကြည့်ချင်သူတွေကများတယ်၊ တစ်ခါကလည်း ဒီကွင်းထဲမှာ အပျော် စီးရဟတ်ကြီးကို မြေကြီးပေါ်မှာ ကုတ်ပြီး မူလီတွေနဲ့သေချာစွဲထားခဲ့ပေမယ့်၊ ရဟတ်ကြီးပြိုကျ ခဲ့လို့၊ နိုင်ငံခြားသားတိုးရစ်တွေတောင် စပ်စံထွန်းဆေးရုံရောက်၊ ကွမ်းယာဆိုင်ပေါ်ပိကျလို့ လူသေတာတွေရှိခဲ့တယ်၊ ပြီးတော့ ယမ်းချိန်လေးပြီး ကောင်းကင်ပေါ်မတက်နိုင်တဲ့ ယမ်းကွင်းကြီးက မြေပြင်ပေါ်ပြန်အကျမှာ အောက်က မီးသတ်ဝန်ထမ်းရဲ့သားလေးကို စွပ်သွားပြီး ယမ်းတွေပေါက်ထွက်တဲ့ဒဏ်ကြောင့် တစ်ကိုယ်လုံး လူလုံးမပေါ်ပဲ သေဆုံးသွားတဲ့အဖြစ်တွေကလည်း ရှိသေးတယ်လေ၊ ဒါကြောင့် သတိထားနေရတာ၊ ခင်ခင်တို့ လုပ်ဖော်ကိုင်ဖက် ကောင်လေးလည်း မိုးပေါ် ပျံတက်တဲ့ မီးပုံးပျံက အချိန်မတိုင်ခင် မီးရှုးမီးပန်းတွေ ၀ုန်းဒိုင်းကြဲ ပေါက်ကျပြီး သူ့လက်ဖမိုးပေါ် တည့် တည့်ကျတာ ခုချိန်ထိ အနာရွတ်ကြီး ကအထင်းသားနဲ့လေ၊ ကွင်းကကျဉ်းပြီး အနယ်နယ်အရပ်ရပ်ကလာ တဲ့ပရိတ်သတ်ကများ၊ ပြည်နယ်အတွင်းက မြို့တွေ၊ ကျေးရွာ ပရိတ်သတ်တွေကများဆိုတော့ တောင်ကြီး တန်ဆောင်တိုင် က ရှောင်မလွတ်ကွင်းဖြစ်နေတယ်၊ မီးရှုးမီးပန်းတွေကျရင် ဆိုင်တွေထဲဝင်ပြေး၊ တွေ့ရာ ၀င်ပြေးနဲ့ ခလုပ်တိုက်ချော်လဲ၊ လူတိုက်မိနဲ့ လေ၊အတော်ကိုသတိထားပြီး သွားလည်ရလို့ ခင်ခင်တော့ ကြောက်လို့ နှစ်တိုင်းမလည်ဘူး ၊ မိတ်ဆွေတွေလာလည် မှသွားပို့ဖြစ်တော့တယ်၊

No comments: