My Blog List

Monday, November 19, 2012

တောင်ကြီးမြို့မှာ ဝေတဲ့ နှင်း

တောင်ကြီးမြို့ကိုဆိုလျှင်ကြားယုံနှင့်ပင် လူတွေစိတ်ဝင်စားသည်၊ ၀င်စားလောက်သည့်အကြောင်းက ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း၄၇၁၂ပေမြင့်ပြီး၊ တောင်ပေါ်မှာတည်ထားသည့်မြို့၊  နှင်းတွေ ဝေပြီး ချယ်ရီတွေပွင့်သောမြို့၊ မီးပုံးပျံပွဲတော်ဖြင့် နိုင်ငံကျော်သည့်မြို့၊ ဒီမြို့လေးမှာ နှင်းတွေဝေသည်ကတော့ အမှန်ပါ ရာသီဥတု သုံးခုရှိသည့်အနက် မိုးရာသီနှင့် ဆောင်းရာသီတွင် နှင်းတွေဝေ ပါသည်၊  ဝေသည့်နှင်းက တော့မတူပါ.........
နေကြာရိုင်းပန်းလေးတွေကို ဆောင်းရာသီ နိုဝင်ဘာလမှစပြီး နွေဥတုအ၀င် ဖေဖော်ဝါရီလကုန်အထိ တောင်ကြီး မြို့နှင့် အနီးတစ်ဝှိုက်တွင် တွေ့ရသည်၊ ပွင့်ဖတ်ဝါ၀ါရှည်ရှည်လေးများ၊ ၀တ်ဆံဝါနက်နက်ကြားလေး များ ကြောင့် နေကြာရိုင်းပန်းလေးတွေက အရမ်းလှပါသည်၊ တောင်ကြီးမြို့တွင် ချယ်ရီပန်းများပွင့်ပါသည်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ဂေါက်ကွင်း၊ သစ်တောရပ်ကွက်ထဲက တောင်စောင်းများတွင် ရှားရှား ပါးပါး တွေ့ရပါသေးသည်၊ ယခင်ကတော့ ချယ်ရီပင်တွေများသည် နောက်တော့ ဘယ်ပျောက်ကုန်သည် မပြောတတ်၊ အင်မတနှ်ရှားသွားသည်၊ ပေါများတာကတော့ စိန်ပန်းပြာပင်တွေပါ သူကလည်း ချယ်ရီနှင့်ရာသီတူညီစွာပွင့်သည်၊ ဒီထက်ပိုပေါတာကတော့ တောထနေသည့် နေကြာရိုင်းလေးတွေပါ၊ သူ က ကားလမ်းဘေးနဲ့ တောင်စောင်းတွေမှာ အလေ့ကျပေါက်ပြီး ဝေေ၀ဆာဆာပွင့်သည့် နေကြာပန်း အသေးစားလေးတွေပေါ့၊ အင်မတန်လှသည်၊ ပန်းခင်းထားသောလမ်းလိုပင် ၊ သူ့အရွက်ကတော့ နံပါသည်၊ တောင်ကြီးမှာ ဘာပန်းပေါသလဲဆိုရင် နေကြာရိုင်း၊ စိန်ပန်းပြာနဲ့ ရာသီအလိုက်ပေါက်တတ်တဲ့ အလေ့ကျ ဘော်လုံးပန်း၊ ရေမွှေးပန်းနဲ့ လေးကျွန်းစင်္ကြာပန်းပင်တွေပါပဲ၊ တောင်ကြီးမှာက ပန်းဥယျာဉ်ခြံ မရှိတော့ ပြင်ဦးလွင်လိုမျိုး ပန်းမျိုးမစုံပါ၊ ရာသီအလိုက်ပွင့်တဲ့ပန်းတွေသာ ပွင့်ပြီး လှချင်တိုင်း လှနေတာ၊ တောင်ကြီးမြို့မှာ အပေါဆုံးကတော့ နှင်းတွေပဲဖြစ်သည်၊ ဆောင်းမှာကျတဲ့နှင်းကတော့ ရှားပါ တယ်၊ သစ်ပင်တွေပြုန်းကုန်လို့လားမသိ၊ ငယ်ငယ်ကလို မနက်အိပ်ရာထရင် နှင်းပိတ်နေတဲ့မြင်ကွင်းမျိုးကို မမြင်ရတာ ဆယ်စုနှစ်ကျော်ပြီ၊ မိုးတွင်းမှာ ပေါပေါများများမြင်ရတဲ့နှင်းကတော့ ''မိုးနှင်း''လို့ခေါ် တဲ့  မြူတွေ ပေါ့၊ မိုးဖွဲဖွဲလေးများကျပြီဆိုရင် တောင်အောက်ကတက်လာတဲ့ မြူတွေက တောင်ပေါ်မှာ တည်ထားတဲ့ မြို့ကို လွှမ်းခြုံပြစ်တာပဲ၊ နှင်းတွေမြူတွေဖုံးသွားလို့ တစ်ယောက်နဲ့တစ်ယောက်မမြင်ရသလို မျက်နှာကို လည်း နှင်းမှုန်စက်လိုလို မိုးစက်လိုလို ဖြန်းပက်လာသေးတယ်လေ၊ အင်မတန်ပျော်စရာကောင်း တဲ့ မိုးရာသီပါ၊ မိုးဖွဲဖွဲထဲမှာ နှင်းတွေပြေးနေတဲ့ရာသီပေါ့၊ တောင်ကြီးမှာ နေဖူးတဲ့သူတွေ တစ်နေရာတစ်ဒေသကို ပြောင်းရွှေ့ရရင် ငိုကျတယ်၊ ဘာလို့လည်း မေးကြည့်တော့ တစ်သက်လုံးနေလာ တဲ့နေရာပေါင်းစုံမှာ တောင်ကြီးရာသီဥတုလောက်ကောင်းတာ မရှိလို့ ၊ ကိုယ့်ဇာတိတောင်ပြန်ချင်တော့ဘူး တဲ့၊ရာသီဥတုအေးမြ၊မျှတမှုကတောင်ကြီးကိုစွဲမက်စေတယ်လေ၊သင်တို့ကော တောင်ကြီးမှာဝေတဲ့ နှင်းထဲမှာ လျှောက်မသွားချင်ဘူးလား၊ အနွေးထည်လှလှလေးဝတ်ပြီးလေ၊ တောင်ကြီးသူတွေကတော့ ပြင်ဦးလွင်လို သိုးမွှေးထည်တွေ မ၀တ်ကြ ဘူးနော်၊ တောင်ကြီးစတိုင်ကတော့ ၊ တရုတ်ထည်တွေ ယိုးဒယားထည်တွေနဲ့ ဆိုင်ကယ်စီးကြတဲ့စတိုင်၊ ခုဆို ကားလှလှလေးတွေနဲ့ပေါ့၊ ဧည့်သည်လာရင် သိပ်သိတာနော် တောင်ကြီးကမဟုတ်မှန်း၊ ၀တ်တဲ့စားတဲ့ပုံတွေက မတူလို့လေ၊ တောင်ကြီးအကြောင်းထပ်ရေးချင်သေးတယ်၊ ခုတော့ ဒီလောက်ပဲနော်။

No comments: