My Blog List

Tuesday, June 26, 2012

..........``တစ်ခါတုန်းက စိန်ပန်းပြာကြွေ တက္ကသိုလ်မြေမှာ´´.......


``တစ်ခါတုန်းကစိန်ပန်းပြာကြွေ တက္ကသိုလ်မြေမှာ´´
ချစ်စရာကောင်းတဲ့မင်းမျက်နှာလေးကို အတွေးပုံရိပ်မှာ တွေးထင်မြင်တိုင်း တို့ရင်တွေခုန်နေမိတယ် ချာတိတ် ကလေးရယ်……… တို့နှစ်ယောက်အတူတူ ထိုင်ဖူးခဲ့တဲ့ တောင်ကြီးဂေါက်ကွင်းထဲက စိန်ပန်းပြာ ပင်ကြီးကိုလည်း ခုချိန်ထိ သတိတရရှိနေဆဲပါ…..

လွန်ခဲ့သော နှစ်ပေါင်းများစွာက တို့များတက္ကသိုလ်တက် ခဲ့ကြစဉ်က အဲဒီဂေါက်ကွင်းကြီးက ခုလို အုတ်တံတိုင်းမရှိခဲ့ဘူး ခြံစည်းရိုးပင်နဲ့ဆူးပင်တွေ ၊ ငါးဥသီး ပင်တွေနဲ့ စည်းရိုးအဖြစ် ရှိခဲ့တာလေ၊ တို့များ စားနေကြ သတ်သတ်လွတ် တို့ဗူးနွေးဆိုင်လေးမှာ တစ်ပွဲကို သုံးကျပ်နဲ့အချိုရည်တွေ ထည့်ပြီး စားခဲ့တဲ့ ဆိုင်လေးတွေလည်းသတိရမိသလို၊ တို့အတွက် လက်သုတ် ပ၀ါလေးဆိုပြီးမင်းကိုင်တဲ့အပြာနုရောင်လက်ကိုင်ပ၀ါလေးပေးခဲ့တာ၊တို့တွေနောက်ကတစ်ကောက်ကောက် လိုက်ပြီး တို့က ဒါကို စားရမယ်ဆိုရင် မငြင်းပဲစား ၊ တို့ဗူးနွေးကို တူနဲ့ပဲစားရမယ်လို့ တို့အမိန့်ပေးတော့ တူကို အထက်အောက်ပြောင်းပြန် ကိုင်ပြီး မစားတတ်စားတတ်နဲ့စားခဲ့တဲ့ မင်းရဲ့ပါးစပ်မှာ တို့ဗူးဖတ်တွေ ပတူးလန်ပွနေတာကို တို့သူငယ်ချင်းတွေ လက်ခုတ်လက်ဝါးတီးရယ်မောခဲ့တာ၊ တို့ လက်ဖက်ရည်ဆိုင် ထိုင်ရင် စိတ်မပါပေမယ့်လိုက်ထိုင် ၊ စမ်းသီတာကဖေးနဲ့အအေးဆိုင်လေး မှာ ခုံပုပုလေးမှာထိုင်ရင်း တို့ သံပူမှာ သောက်တဲ့ အခါ မင်း မျက်နှာက ချဉ်စပ် နေပုံရှုံ့မဲ့နေတာ၊ အကြာကြီး အတန်းမတက်ပဲ ထိုင်ခဲ့ကြတာ ၊ ၀ိုင်အမ်စီအေ၀င်းထဲက အိမ်ဖြူတော်(၀ှိုက်ဟောက်စ်)မှာ နံပြားထောပတ်သုတ်ကို ပေါ့ကျ လက်ဖက်ရည်နဲ့ဇိမ်ခံသောက်ပြီး စကားစုပြောတဲ့ တို့အဖွဲ့ကို သည်းခံထိုင်စောင့်ပေးတတ်ခဲ့တာ၊ လမ်း မပေါ်မှာ စကားတပြောပြောနဲ့လျှောက်သွားစဉ်မှာ တို့ကို ရည်းစားစကားလိုက်ပြောခဲ့တဲ့ ဘဲတစ်ပွေကို မင်း ငေးကြည့်နေပြီး ဖြတ်ခနဲ တို့လက်က ဖိနပ်ကောက်ချွတ်ပေါက်မယ် ဟန်ပြင်တော့ စိုးရိမ်စိတ်တွေနဲ့ ``မမလွန်မယ်နော်``လို့ သတိပေးခဲ့တာ၊ မြို့လယ်က စက္ကူဓါတ်ပုံ တိုက်ဝါကြီး ရှေ့က (အခုကမ္ဘောဇ ဘဏ်) စာအုပ်ဟောင်းဆိုင်လေးရှေ့မှာ ငါးကျပ်၊ တစ်ဆယ်တန် စာအုပ်ဟောင်းလေးတွေ ထိုင်ရွေးနေတော့ ထီးလေး ကိုင်ပြီး ရပ်စောင့်ရင်းစိတ်မရှည်ဟန်ကိုဖုံးပြီးဟိုကြည့်ဒီကြည့်နဲ့ မင်းသူ ငယ်ချင်းတွေတွေ့သွားရင်ဝိုင်းဖွဲ့လှောင်ပြောင်မှာကို ကြောက်နေတဲ့ပုံလေးနဲ့လေ၊ တကယ်ကိုအမှတ်ရမိပါတယ်ချာတိတ်လေး ရယ်၊ တောင်ကြီးကိုရောက် လာတိုင်းနာရီပိုင်းလေးဖြစ်ဖြစ်တွေ့ချင်လို့ ပရယ်ဒီကယ်ခန်းရှေ့မှာလာ လာစောင့်တတ်တဲ့ ချာတိတ်လေးကိုတို့များကအုပ်စုဖွဲ့ပြီး ညှဉ်းဆဲကြ တာ၊ ချာတိတ်သူငယ်ချင်းတွေက မြှောက်ပေးပေမယ့် တို့ကိုဘယ်တော့ မှ စိတ်မဆိုး တတ်ခဲ့သူ၊ တို့သူငယ်ချင်းတွေကို တို့လိုပဲ ခင်မင်တတ် သူ၊ ခင်ပေမယ့်လည်း စကားကို လေးလုံးကွဲအောင်မပြောတတ်သူ၊ တို့ လုပ်သမျှကို ဘေးကကြည့်ပြီး ပြုံးနေပေးသူ၊ တို့ကို တစ်ခါတစ်ခါ တိုးတိုးလေးစကားကပ်ပြောပြီး``မမမောင့်ကိုကလေးမှတ်နေတာလား``လို့မေးတတ်သူ၊ တစ်ခါတစ်ခါဝါးလုံးကွဲအောင်ရယ်ချင်တဲ့အခါမှာမှ သွားလေးပေါ်အောင် ပြုံးတတ်သူ၊ တို့ကိုချစ်လို့ သွားလေရာတကောက်ကောက် မညည်း မညူလိုက်တတ်သူ သတိရတိုင်းစာတွေရေးပို့တတ်သူ၊ သတိရတိုင်း သာ ပန်းတွေ ပွင့်မယ်ဆိုရင် ကမ္ဘာကြီးကိုပန်းတွေဖုံးသွားမှာပါ ဆိုတဲ့ ကဗျာမဟုတ်စာမဟုတ်ကိုရေးပြတတ်သူ၊သူ့မျက်ဝန်းမှာအမြဲလို လေးစား မှုတွေ၊ အချစ်တွေ၊ နားလည်မှုတွေနဲ့ ဂရုတစိုက်ရှိသူ၊ မြို့ထဲ လမ်းမတစ်လျှောက် လမ်းလျှောက်တိုင်းမှာ သူပြောတဲ့စကားကို နားထောင်ခွင့်မရှိပဲတို့ပြောတဲ့စကားကိုသာ နားထောင်တတ်တဲ့ နားနှစ်ဘက်ပါသူ၊ တို့ဝယ်သမျှပစ္စည်းကို လက်နှစ်ဖက်မှာ ဆွဲ လို့ ဈေးကြိုဈေးကြားမကျန် တို့နောက်က လိုက်နေတတ်သူ၊ တို့ကို ချစ်တဲ့သူ ၊ တို့က သံယောဇဉ်နဲ့ အချစ်ကို ခွဲခြားမသိတတ်ဘဲ ၊ သူ့ကို ချစ်ခဲ့သလိုလိုနဲ့လေ၊တို့ချစ်တတ်လာတဲ့နေ့မှာတို့ကြုံခဲ့တဲ့ ချာတိတ်လေးပေါ်မှာရှိတဲ့အချစ်မဟုတ်တဲ့ သံယောဇဉ်မှန်းသိလာ ရတော့တို့နဲ့ချာတိတ်လည်းပြန်ဆုံကြပေမယ့်ပြုံးပြယုံပဲပေါ့၊
သူငယ်ချင်းတွေ က မေးကြတယ်၊ ဟိုးအရင်ကလေ နင်က စကားတွေပြော၊ အမိန့် တွေပေးရင် ဒီကောင်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး၊ နင်စိတ်ဆိုးနေရင် နင့်ကို ဘယ်လိုချော့ရ မလဲလို့ သူငယ်ချင်းတွေကို လက်ဖက်ရည်တိုက်ပြီး လိုက်မေး တဲ့ကောင်တဲ့၊ ခုလဲ နင့်ကိုတွေ့တော့ နင်ပြောတဲ့စကားတွေကို အရမ်းနားထောင်ချင်နေတာတဲ့ ၊ နင်ကဘာလို့ အရင်က လို နှုတ်မဆက်တော့တာလဲတဲ့၊ တို့လေ ပြုံးလိုက်မိ ပါတယ် ၊ တို့ငယ်ငယ်ကလို သိပ်မသွက်ချင်တော့ ဘူး၊ စကားလည်းအရင်ကလို မများတော့ဘူး၊ မှုန့်တွေ လည်း မစားတော့ဘူး ၊လက်ဖက်ရည်လည်း မသောက်တော့ဘူး၊ တို့အရမ်းကို သိတတ်သွားတယ်လို့၊ ချာတိတ်ဆိုတဲ့ကောင်ကို နင်တို့ကြည့်စမ်း ဒီကောင် ဘာတွေစားပြီး ၀ပြဲနေတာလဲ ၊ ပြီးတော့ အရပ်က လည်း ရှည်လာလိုက်တာ၊ ပြီးတော့ သူ့ဗိုက် ကလည်းပူလာလိုက်တာ ၊ ဒါကြီးကို ငါက ငါ့နောက်က တကောက်ကောက်လိုက်ပြီး ငါပြောတာ နားထောင်၊ ငါစားတာလိုက်စားဆိုပြီး အတူတူသွားရမှာ အရင် ကလိုမပျော်တော့ဘူး ဟယ်လို့၊ပြီးတော့ကြည့်ဦးလေ သူ့မဒီကြီးက ငါတို့နှစ်ယောက်နှစ်ပေါင်းများစွာကြာ မှပြန်တွေ့လို့ သူကလာနှုတ်ဆက်တာကို မျက်နှာကြီး ဆူပုတ်လို့၊ ဟိုတုန်းကလို ငါ့နောက် တကောက်ကောက်လိုက် ငါသေဆိုသေ၊ ရှင်ဆိုရှင်ဆိုတဲ့ လူ တစ်ယောက် များဖြစ်ခဲ့ဖူးတယ်ဆိုတာ သိရင် သူတို့ ဒီနေ့နေ့မကူးဘူးနောင်ဂျိန်ပလိန်းမှာပေါ့လို့နော်၊ သူငယ်ချင်းကရယ်တယ် နောက်တစ်ပတ်ကြာတော့ ဖုန်းဝင်လာတယ် ဟုတ်တယ်ဟေ့နောင်ဂျန်ပလိန်းကြ တယ်ဟေ့ ငါ့လည်းလာရစ်နေတယ်၊ နင့်ကိုတောင်ကြီး မှာ ရှာရှာဖွေဖွေသွားရှာပြီး တကူးတကထမင်းဆိုင် မှာ ၀ိုင်းဖွဲ့စားပြီး စကားဖောင်ဖွဲ့တာ ကိုနောက်မလုပ် နဲ့လို့သူကလာပြီးကြိမ်းသွားတယ်တဲ့၊ သူငယ်ချင်း မိန်းမကလည်းဖုန်းလုပြီးပြောသေးတယ် မမတို့က အရင်တုန်းက ချစ်သူတွေဆိုတဲ့၊ ဘာလဲဟာ စိတ်ညစ် လိုက်တာနှစ်ပေါင်းဆယ်စုနှစ်နှစ်ခုမှာ ငါတို့က ဘာတွေပြန်လှန်နေရမှာလည်း၊ မဟုတ်ဘူးပြောတာ မယုံဘူးတဲ့လေ၊ သူတို့လင်မယားတွေ ရန်ဖြစ်ကြတာဆိုပဲ၊ မမကို စိန်ထမင်းဆိုင်မှာတွေ့ခဲ့တာရယ်၊ မမက ပြုံးယုံပြုံးပြခဲ့တာရယ်၊သူကမမသောက်နေတဲ့အေးမြတဲ့အအေးခွက်လေးမှာကပ်ငြိနေတဲ့ ရေခဲစက်လေးတွေလို မမနားမှာ အကြာကြီးရပ်နေတာရယ်၊ ရန်ပွဲကပြန်ရောက်တာနဲ့ကျဲတာပဲတဲ့၊ အော်ဒုက္ခ…. သံယောဇဉ်တိုင်း အချစ်လို့မထင်ကြပါနဲ့တော့ ရှင်းရတာများတော့ လူလည်း စိတ်ညစ်လာပြီ၊ တို့လေ ဒီဘ၀ကို မုန်းတယ်၊ အတိတ်ဘ၀ကိုပဲ တမ်းတတယ် ချာတိတ်ရယ် မမရယ် သူငယ်ချင်းတွေရယ် ခုတော့အိပ်မက်တွေလိုပဲ၊ အိပ်မက်ကမြန်မြန် မနှိုးချင် ဘူးလေ၊ နှိုးသွားရင် အတိတ်ကို ဖ်ာပြီး ဇာချဲ့ကြမယ့် ဆိုင်သူတွေကို အားနာလို့ပါ ၊ အတိတ်ကာလမှာ တကယ်ကို ပျော်ရွင်ကြည်နူးခဲ့ရပါတယ် ဆိုရင် ချာတိတ် ယုံပါ၊ အရာရာ အားလုံး မမဘက်က ရှိနေပေးခဲ့တဲ့ အတိတ်ကို သတိရမိတဲ့အခါတိုင်း လွမ်းမိပါတယ် ၊ လက်တွေ့ ဘ၀မှာတော့ ဘယ်အရာကိုမှအရင်လိုလက်ခံနိုင်ဖို့ မရှိတော့ပါဘူးကွယ်..။                      ယွန်းဆုဝသန်(တောင်ကြီး)(၂၃-၆-၂၀၁၂)

No comments: