My Blog List

Wednesday, November 14, 2012

တောင်ကြီးတန်ဆောင်တိုင်(2012)

တောင်ကြီးတန်ဆောင်တိုင်ပွဲကို 21-11-2012ရက်နေ့မှ 28-11-2012ရက်နေ့အထိ(8)ရက် တိုင်တိုင် တောင်ကြီးမြို့ရဲ့ အနောက်တောင်ဘက်၊ တောင်ကြီးတက္ကသိုလ်ရဲ့အနောက်ဘက်၊ ကန်ကြီးရပ်ကွက်၊ တောင်ကြီးဘူတာမြောက်ဘက်ကပ်လျှက်မှာရှိတဲ့ အဝေရာကုန်းသာယာ မီးပုံပျံကွင်း မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲတော်ဖွင့်ပွဲကို 21.11-2012ရက်နေ့ ညနေ(6)နာရီလောက်မှာ ခြိမ့်ခြိမ့်သဲသဲ ကျင်းပမှာဖြစ်ပါတယ်။
ကွင်းဖွင့်ပွဲမှာ တောင်ကြီးမြို့ပေါ်က ကျောင်းသား/သူတွေရဲ့ အကွက်ဖော်အကများ နှင့် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်၊ အဲဒီနေ့မှာ မီးပုံးပျံတွေစတင်လွှတ်မှာပါ၊ ကွင်းတစ်ကွင်းလုံးကို ရောက်ဖို့တော့ မနည်း တိုးဝှေ့ဝင်ရပါတယ်၊ မိသားစုတွေ နဲ့သွားလာတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် လူကွဲမထွက် ဖို့ အရေးကြီးပါတယ် ၊ လူကွဲသွားရင်လည်း နီးစပ်ရာအကူအညီတောင်းပြီး ပြန်ကြားရေးဌာနကနေ မိမိတို့ အဖွဲ့၊ မိဘ အမည်တွေနဲ့ အသံချဲ့စက်နဲ့အော်ပြီး ပြန်ဆက်ဌာနရုံးနေရာမှာ လာခေါ်ဖို့အော်ခိုင်းကြပါ၊ လူစုတွေကွဲ ရင် ၀မ်းနည်းစွာမငိုကြပါနဲ့၊ ကွင်းထဲက ပြည်သူတွေကတစ်ဆင့် ပြန်ဆက်ဌာနကဖွင့်ထားတဲ့နေရာကို သွားပါ၊ ခါးပိုက်နှိုက်ကတော့ သတိထားကြပါ၊ လူစည်ကားရာနေရာတွေမှာ တွန်းထိုးပြီး နှိုက်တတ်ပါတယ်၊ ဆိုင်ကယ်တွေကိုလည်း သေချာအပ်နှံကြပါ၊ ပျောက်တတ်လို့ပါ၊ ကားတွေဆိုင်ကယ်တွေကို မောင်းရင် သတိထားကြပါ၊ အခြားပြည်နယ်/တိုင်းတွေက လာတဲ့ ဧည့်သည်ကားတွေက ပွဲတော်ရက်အတွင်းမှာ တောင် ကြီးမြို့ထဲမောင်းတဲ့အခါမှာ သတိထားကြပါ၊ တောင်ကြီးမြို့ကကားတွေဆိုင်ကယ်တွေကလည်း ဧည့်သည် ကားတွေကို ဦးစားပေးတတ်ပေမယ့် ဧည့်သည်ကားတွေက တောင်ကြီးမြို့ရဲ့လမ်းတွေကို မသိတဲ့အတွက် ဟိုကွေ့ဒီကွေ့နဲ့ ထိမိတိုက်မိတတ်ကြပါတယ်၊ တောင်ကြီးမြို့ပေါ်မှာ ကားတွေကို ရှုပ်ထွေးနေတာမို့ အပြင် မထွက်ဘဲနေတာအကောင်းဆုံးပဲဆိုပြီး မထွက်ပါဘူး၊ လူငယ်တွေကတော့ ဆိုင်ကယ်တွေ အိတ်ဇောဖြုတ်ပြီး အသံဆူဆူညံညံနဲ့ အရှိန်ပြင်းပြင်းမောင်းတတ်ကြပါတယ်၊ တန်ဆောင်တိုင်မှာ  မတော်တဆမှုတွေများတတ် ပါတယ်၊ သတိထားပြီး မောင်းကြဖို့လိုပါတယ်၊ အရက်သေစာသောက်စားမူးယစ်မှုတွေ၊ စမှုနောက်မှု၊ ပြောင် မှုတွေကို လစ်လျူရှုတာအကောင်းဆုံးပါ၊ ရန်မဖြစ်အောင်လို့ပါ။  မီးပုံပျံတွေသယ်ဆောင်တဲ့ကားတွေကို ၀ိုင်းရံလာတဲ့ အဖွဲ့သားတွေကိုလည်း ဘေးဖယ်ရှောင်ပေးကြပါ၊ အင်မတန်အန္တရယ်များတဲ့ ယမ်းပိဿာချိန် များစွာကို သယ်ဆောင်လာတာဖြစ်တဲ့အတွက် ဆေးလိပ်မီး၊ မီးပွင့်နိုင်တဲ့အရာတွေနဲ့ ထိတွေ့လို့မရပါဘူး၊ ကွင်းထဲမှာလည်း ရပ်ထားတဲ့ဘတ်စ်ကားတွေနား သွားထိုင်ပြီး မီးပုံးပျံမကြည့်ပါနဲ့၊ ကားလှိမ့်ဆင်းလို့ ဖိကြိတ် ပိတတ်တယ်လေ၊ ကွင်းထဲထိ ၀င်မကြည့်ပါနဲ့၊ မတော်တဆ ယမ်းတွေပေါက်တဲ့အခါ ပြင်းအားကြီးလို့ အသား တွေကို ထိရင် ပဲ့ကြေကုန်မှာပါ  ၊ မီးပုံးပျံအောက်တည့်တည့်ကို ယောက်လို့တောင်သွားမကြည့်ပါနဲ့ မီးပုံးပျံတက်ရင် ယမ်းတွေပေါက်ကွဲပြီး ဖြာဆင်းတဲ့အလယ်မှာ ရောက်ရင် အပေါ်က အရှိန်နဲ့ကျလာတဲ့ ယမ်းတွေကြောင့် ကွင်းထဲမှာ ပတ်ပြေးရင်းထိတတ်ပါတယ်၊ အကောင်းဆုံးကတော့ ကွင်းအစွန်ဘက်မှာ သွား ကြည့်၊ ဒါမှမဟုတ် ကွင်းပြင်ဘက်မှာသွားကြည့်တာအကောင်းဆုံးပါ၊ ကွင်းထဲကတော့ မီးရှုးမီးပန်းတွေဖြာ အဆင်းမှာ လူကို ထိခိုက်နိုင်ပါတယ်၊ ပွဲဈေးတန်းတစ်လျှောက်မှာ လူတွေညာသံပေးပြီးတွန်းထိုးတက်လာ ရင် ဘေးရှောင်ပေးလိုက်ပါ၊ လူအုပ်တွေများလို့ ဘေးရှောင်ရင်လည်း လမ်းဘေး အကြော်ဆိုင် ဆီအိုးနား မရှောင်ပါနဲ့ လူတွေတိုးရင် ဆီအိုးနဲ့ထိတိုက်မိတတ်၊ ဆီပူလောင်တတ်လို့ပါ၊ တောင်ကြီးတန်ဆောင်တိုင်ဆို တာ အနယ်နယ်အရပ်ရပ်က လာတဲ့ သူတွေများလို့ လမ်းမတစ်လျှောက် လူပြည့်တာနှစ်တိုင်းပါပဲ၊ ဖွင့်ပွဲရက် နဲ့ ပိတ်ပွဲရက်တွေမှာပိုဆိုးပါတယ်၊ ကွင်းထဲက ပြန်ထွက်တဲ့နေရာမှာ ကားတွေ၊ ဆိုင်ကယ်တွေအတွက် ကွင်း အနောက်ဘက်က ပတ်မောင်းရတဲ့ လမ်းရှိပါတယ် ၊ အဲဒီလမ်းကပြန်ထွက်မှသာ မြို့ထဲကို ရောက်မှာပါ၊ အေးချမ်းတဲ့ရာသီဖြစ်လို့ အနွေးထည်ထူထူဝတ်ဖို့လည်းလိုတယ်၊ ကွင်းထဲကလေ တိုက် တယ်၊ ခေါင်းကိုလည်း  ခေါင်းစွပ်ဦးထုပ်ဆောင်းထားဖို့လိုပါတယ်၊ ညဘက်ကျတဲ့ နှင်းတွေကြောင့် အအေးပတ်တတ်လို့ပါ။

No comments: